Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂)

A+ A-

နေပူပူမှာ စီးလာရတဲ့နွားလှည်းက တဒုန်းဒုန်းခုန်နေတာကြောင့် ပစ်တိုင်းထောင် လှည်းရံတိုင်ကို တင်းနေအောင် ဆုပ်ကိုင်ထားရသည်။ မညီမညာလမ်းမကြောင့် လှည်းဘီးခုန်တဲ့အခါ တင်ပါးကို လာလာဆောင့်နေတာမလို့ မွေးရာပါအမေ့အမွေလေးကို အတော်စိုးရိမ်နေရသည်။

” ဒီမယ် ဒီမယ် … မင့်တို့ရွာက မရောက်နိုင်သေးဘူးလား ”

” တစ်ခေါ်လောက်ဆို ရောက်ပါပြီဗျ . သိပ်မလိုတော့ဘူး “

တစ်ခေါ်လောက်သာ လိုတော့တယ်ဆိုတာကြောင့် ပစ်တိုင်းထောင် လှည်းပေါ်ကနေပြီး ဘေးဘီကို ဝေ့ဝဲကြည့်လိုက်သည်။ မျက်စိတစ်ဆုံးမှာ လယ်ကွင်းကျယ်တွေကိုသာ မြင်နေရတာကြောင့် တစ်ခေါ်ဆိုတာ သေရွာက မင့်ဘကြီးကို လှမ်းခေါ်တဲ့တစ်ခေါ်လားလို့ မေးလိုက်ချင်ပေမယ့် မမေးဖြစ်တော့ပါ။ စကားပြောဖို့ ပါးစပ်ဟလိုက်တိုင်း ဖုန်ထူထူတွေက ပါးစပ်ထဲ အလုံးအရင်းဝင်လာတဲ့ဒုက္ခက သေးမှမသေးပဲ။

ဒင်္ဂါး လှည်းပေါ်မှာပါလာတဲ့ လူနှစ်ယောက်နဲ့ ခွေးနှစ်ကောင်ကို ကြည့်နေလိုက်သည်။ ဧည့်သည်တွေပါလာတဲ့ပစ္စည်းတွေက လှည်းတစ်ခြမ်းမှာတင် ပြည့်သိပ်နေတာမလို့ ဒင်္ဂါးက လှည်းမောင်းတဲ့နေရာက သာထင့်ဘေးမှာ ထိုင်နေရပြီး ‌အနောက်က လွတ်နေတဲ့နေရာမှာတော့ လူနှစ်ယောက်နဲ့ ခွေးနှစ်ကောင်က ကြပ်ကြပ်သိပ်သိပ်။

” ဟိတ် ! “

လှည်းစီးနေရင်း ဒင်္ဂါးကို စိုက်ကြည့်နေတဲ့ ခွေးနှစ်ကောင်ကို ခပ်တိုးတိုးလှမ်းခေါ်လိုက်သည်။ ခွေးတွေက ပြုံးတတ်လားတော့ မသိပေမယ့် နှစ်ကောင်သားက ဒင်္ဂါးကိုကြည့်ပြီး ပြုံးနေတာတော့ အသေအချာ။ နေပူပူ ဖုန်ထူထူမလို့ နွားလှည်းပေါ်မှာပါလာတဲ့ မဲမဲတုံးတုံး မီးသွေးတုံးလေးတွေလို ခွေးနှစ်ကောင်က ဖုန်တွေကြောင့် အရောင်တောင်ပြောင်းနေပြီဖြစ်သည်။ မျက်နှာချိုတဲ့ ခွေးလေးတွေကို ဒင်္ဂါး အချစ်ပိုမိတာကြောင့် ခေါင်းလေးတွေကို ပွတ်သပ်ပေးရန် လက်လှမ်းလိုက်သည်။

” ဟေ့ ဟေ့ … ရပ် ရပ် ! “

” ဟမ် “

လက်လှမ်းလိုက်ကာမှ ခပ်ကျယ်ကျယ်ထွက်ပေါ်လာတဲ့ ဟန့်တားသံကြောင့် ဒင်္ဂါးလက်တွေ တုံ့ခနဲရပ်သွားသည်။ လှည်းမောင်းနေတဲ့ သာထင်ကလည်း လှည်းရပ်ခိုင်းတယ်ထင်သွားပြီး နွားဖားကြိုးကိုဆွဲလိုက်တာကြောင့် လှည်းကလည်း ရပ်သွားသည်။

” ဟ . ဘောက်မဲ့ကြောင့် နွားလှည်းကို ရပ်လိုက်ပြန်တာတုန်း . ပူရအိုက်ရတဲ့ကြားထဲ “

” ခင်ဗျားပဲ ရပ် ရပ်ဆို . ကျုပ်က အဲ့တော့ လှည်းရပ်လိုက်တာပေါ့ “

သာထင်က ခပ်ငေါ့ငေါ့ပြောတဲ့အခါ စိတ်ပျက်လက်ပျက်ဖြစ်သွားပုံရတဲ့ မြို့အုပ်မင်းရဲ့ညီက ခေါင်းကုတ်သည်။ ခေါင်းကဆံပင်မှာလည်း ဖုန်တွေဖွေးနေတာကြောင့် ခေါင်းကုတ်လိုက်တဲ့အခါ ခေါင်းပေါ်ကဖုန်တွေကလည်း ဖွာခနဲ။

” မင့်လှည်းကို ကျုပ်က ရပ်ခိုင်းတာမဟုတ်ဘူး … ဒီက ကိုရွှေရွာသားက ကျုပ်သမီးတွေကိုကိုင်ဖို့ လက်တပြင်ပြင်နဲ့မို့ တားရတာ “

” ခင်ဗျားခွေးကို ကိုင်တော့ ဘာဖြစ်တုန်းဗျ “

” ငါ့သမီးတွေမျန်း မင့် အထင်သေးလို့ … အကိုက်ခံရကာမှ ချက်ပတ်လည်ကို ဆေးထိုးနေရမစိုးလို့ ပြောနေရတာ … နေပူကပူနဲ့ ကျုပ်က အမှုပတ်ဦးမယ်… “

မြို့အုပ်မင်းညီရဲ့စကားကြောင့် ဒင်္ဂါး ခွေးနှစ်ကောင်ကိုကြည့်ပြီး ခပ်ရွံ့ရွံ့ဖြစ်သွားသည်။ အစကတော့ မကြောက်ပေမယ့် ပြောကာမှကြောက်သွားရပြီး ကြက်သီးပင် ဖျန်းခနဲထသွားရသည်။

” ကဲ လှည်းမောင်းတော့ . ဖုန်ထူရတဲ့အထဲ စကားတွေအများကြီး သိပ်ပြောနေရတာပဲ “

ပစ်တိုင်းထောင်ရဲ့ ပုစဉ်းကြီးနဲ့တူတဲ့ မျက်မှန်ကြီးထက်မှာလည်း ဖုန်တွေကအထပ်ထပ်ပင်။ ခွေးပုကတော့ လှည်းပေါ်ရောက်ကတည်းက ခွေခေါက်ပြီး အိပ်နေတာမလို့ ဘာမှသိပုံမရ။ လှည်းပေါ်ကနေ ကန်ချထားခဲ့လိုက်ရင်လည်း လိမ့်ခနဲ နွားလှည်းလမ်းမကြီးမှာ ကျန်ရစ်ခဲ့မှာ မြင်ယောင်ပါသေးသည်။

ဝုတ် ~

ခွေးဟောင်သံကြောင့် ဒင်္ဂါး ရှေ့တည့်တည့်လှည့်ထိုင်နေရာကနေ နောက်ကိုလှည့်ကြည့်လိုက်သည်။ ထုံးစံအတိုင်း ဒင်္ဂါးကို ပြုံးကြည့်နေတဲ့ ခွေးနှစ်ကောင်ကိုမြင်ပေမယ့် စောစောကလိုတော့ ကိုင်ရန် လက်လှမ်းဖို့အထိတော့ မရဲတော့ပါ။

” အယ် ~ “

ဒင်္ဂါးရဲ့ကိုယ်ကို လာ‌တိုးဝှေ့နေတဲ့ ခွေးနှစ်ကောင်ကြောင့် ဒင်္ဂါးအံ့ဩသွားသည်။ စစချင်းတော့ ခန္ဓာကိုယ်က တွန့်သွားပေမယ့် ဒင်္ဂါးရဲ့လက်ကိုပါ နှစ်ကောင်သားက လျှာနဲ့လျက်လာတဲ့အခါ ပြုံးလိုက်ပြီး ဖုန်တွေနဲ့ ပေပွနေတဲ့ ခွေးနှစ်ကောင်ကို ခေါင်းကနေ ပွတ်သပ်ပေးလိုက်သည်။

” ဟဲ့ သမီး . မိစွာ … လာ ဖေ့ဘက်ကိုလာ . ဟဲ့ မိုက်မိုက်စန်း . နင့်သမီးကိုခေါ် “

ပစ်တိုင်းထောင်က နောက်ကနေ ဆွဲနေပေမယ့် ချစ်သမီးများက လှည့်ပင်မကြည့်။ ကိုရွှေရွာသားကိုသာ ပွတ်သီးပွတ်သပ်လုပ်ရင်း မိုက်မိုက်စန်းကဆို လျှာတစ်လစ်နဲ့ ပက်လက်ကလေးတောင်မှ လှန်ပေးလိုက်သေး။ မွေးရကျိုးနပ်တဲ့သမီးများပါပဲ။

” ဟိုလေ . ချစ်ဖို့ကောင်းလို့ … နာမည်လေးတွေက ဘာတဲ့လဲ “

” ကျုပ် တစ်ချိန်လုံး မိစွာနဲ့ မိုက်မိုက်စန်းလို့ ခေါ်နေတယ်လေ . မင့် မကြားဘူးလား … နို့ . နားများပင်းနေသလား “

အသံတိုးတိုးနဲ့ ပစ်တိုင်းထောင်ကို မကြည့်ရဲသလိုမျိုး မဝံ့မရဲကြည့်ကာ မေးလာတဲ့ ကိုရွှေရွာသားကို ဘုတောပစ်လိုက်သည်။

” မ . မသိလို့မေးနေတာကို “

စတွေ့ကတည်းက ဘုတောနေတဲ့ မြို့အုပ်မင်းညီကို ဒင်္ဂါးကြည့်မရစွာ မျက်စောင်းခဲလိုက်သည်။ မြို့အုပ်မင်းရဲ့ညီဆိုတိုင်း အချိုးက တစ်စက်မှမပြေ။ မောက်မာလိုက်ပုံများ။

” မိစွာနဲ့ မိုက်မိုက်စန်း “

ဖြေချင်သလို မဖြေချင်သလိုလိုနဲ့ ဒင်္ဂါးကိုကြည့်ကာ ပေစောင်းစောင်းပြောလာပုံက ခေါင်းလှမ်းခေါက်ချင်စရာ။

” ဘယ်တစ်ကောင်က မိစွာ… ဘယ်တစ်ကောင်က မိုက်မိုက်စန်းလဲ ”

” ကျစ် ! ပေရှည်လိုက်တာ “

အရပ်ရှည်သလောက် စိတ်ကလည်း လက်တစ်ဆစ်။ လူကသာ စိတ်မရှည်ဟန်ပြပေမယ့် သူ့သမီးအကြောင်းမေးတော့ လက်ညှိုးကြီးတထိုးထိုးနဲ့ ရှင်းပြလာသည်။

” နားရွက်ထိပ်မှာ အဖြူစက်လေးပါတာက မိစွာ … နှာခေါင်းထိပ်မှာ မှဲ့လေးလိုမျိုး အဖြူကွက်လေးပါတာက မိုက်မိုက်စန်း … သူတို့က သားအမိတွေ . မိုက်မိုက်စန်းက မိစွာရဲ့ အမေ . သူတို့က ကျုပ်သမီး … ဟောဒီ့က ခွေးပုရဲ့ညီမတွေ “

လှည်းရံတိုင်ကိုမှီလို့ ပိုးလို့ပက်လက်အိပ်ပျော်နေတဲ့ ခွေးပုကို လက်ညှိုးထိုးပြရင်း ပစ်တိုင်းထောင် ရှင်းပြလိုက်သည်။ ဒီထပ်မှ ထပ်မေးရင်လည်း ကိုရွှေရွာသားကို ပစ်တိုင်းထောင် နားရင်းရိုက်မိရုံပဲ ရှိရော့မယ်။ ဒီထပ်ရှင်းတာတောင် အခုလောက်ထိ မရှင်းတော့ဘူး။ ဘယ့်နှယ့်ရှိစ။ ပါးစပ်ကြီးဟလို့ ပြန်တောင်မပြောနိုင်ပဲ ပစ်‌တိုင်းထောင်ကို ကြည့်လိုက် မိစွာနဲ့ မိုက်မိုက်စန်းကို ကြည့်လိုက်လုပ်နေတဲ့ ကိုရွှေရွာသားက ပစ်‌တိုင်းထောင်ပြောသမျှကို အလျင်မှီအောင် အမျိုးစပ်နေပုံရသည်။

” အော် … “

တစ်ခွန်းတည်းသာပြောပြီး ခွေးနှစ်ကောင်ကိုသာ ကလူနေလိုက်သည်။ တစ်ကိုယ်လုံး မဲတူးနေတဲ့ ခွေးနှစ်ကောင်ကိုခွဲဖို့ ထင်ရှားတဲ့အမှတ်အသားက ဖြုတ်လောက်သာရှိတဲ့ အဖြူစက်ကလေးတွေတဲ့။ အံ့ဩပါရဲ့။

>>>>>>>>>>

” တော့ ကိုဒင်္ဂါး … ကိုရွှေဒင်္ဂါး “

” ဟေ … “

ရွာထဲကိုအဝင် ရွာတောင်ပိုင်းက မိကဲတို့က လှမ်းခေါ်တာကြောင့် ဒင်္ဂါးထူးလိုက်သည်။

” ဘယ်ကပြန်လာကြတာလဲတော့ “

” မြို့ကလာတဲ့ မြို့အုပ်မင်းရဲ့ညီကို သွားကြိုခဲ့တာပါဟာ … နင်တို့ကရော နေပူရတဲ့အထဲ ဘယ်တုန်း “

” အိုး~ ဧည့်သည်ပါလာတာလားတော့ . မိကဲက မသိလို့ … ညနေကျရင် လက်ပံပွင့်ကောက်ဖို့ ဟိုဘက်ရွာက မိအေးကြည်တို့ဆီ လူသွားစုကြမလို့လေ . ဒါနဲ့ မမငွေမှုန်ကို ပြောပေးပါဦး . ညနေခင်းကျရင် လက်ပံကောက်လိုက်ခဲ့ဖို့ “

” ဟုတ်ပြီ… ပြောလိုက်မယ် ”

နေကလည်း အလွန်မြင့်နေပြီမလို့ မိကဲတို့ကို နှုတ်ဆက်ခဲ့ပြီး ဒင်္ဂါးတို့အိမ်ကို ဆက်ထွက်လာခဲ့သည်။

” သူကြီးရေ… ဗျို့ သူကြီး “

ဒင်္ဂါးတို့ခြံဝင်းထဲရောက်တော့ သာထင်က ပါးစပ်ကနေလည်း အဘကို လှမ်းအော်ခေါ်သည်။ အဘကို လှမ်းခေါ်ပေမယ့် မပင့်တဲ့ဘုန်းကြီးက အရင်ကြွလာတယ်ဆိုသလို အစ်မငွေမှုန်က အိမ်ထဲကနေ အရင်ထွက်လာသည်။

” အဘက အပေါ်ထပ်မှာရှိတယ် သာထင်… ဆင်းလာလိမ့်မယ် … ဧည့်သည်တွေပါလာပြီပဲ … အထုပ်တွေအရင်ချဦး . အစ်မ ဧည့်သည်တွေအတွက် အခါးရည်နဲ့ ထန်းလျက်ကလေး ပြင်ထားတယ် “

ရေချိုးပြီးစမလို့ သနပ်ခါးအဖွေးသားနဲ့ ကြည်လင်နေတဲ့ အစ်မငွေမှုန်ကိုကြည့်ရင်း ဒင်္ဂါး မြို့အုပ်မင်းညီဘက်ကို အကဲခတ်လိုက်သည်။ လှည်းပေါ်ကဆင်းရင်း သူ့လူနဲ့ သူ့ခွေးတွေနဲ့တင် အလုပ်ရှုပ်နေတာမလို့ အနည်းငယ်စိတ်အေးသွားရသည်။

” အထုပ်တွေအရင်ချကွာ ခွေးပု … ပြီးရင် မင့်ညီမတွေကို အရင်ချပေးပြီး ရေတိုက်ချေဦး ”

” ဆျာထောင်ကလည်း ကူချပေးမယ်မရှိဘူး “

” ဟေ့ကောင် … လျှာမရှည်နဲ့ “

ပါးစပ်ကသာပြောနေပေမယ့် ခွေးပုနဲ့အတူ ဆျာထောင်ကလည်း အထုပ်တွေကို ‌ကူချပေးသည်။ နွားလှည်းမောင်းတဲ့ သာထင်ဆိုတဲ့လူကပါ လာကူပေးတာမလို့ လှည်းပေါ်မှာ မိစွာနဲ့ မိုက်မိုက်စန်းသာ ကျန်နေခဲ့တော့သည်။

” မင့်ညီမတွေကိုအောက်ချပြီး ရေတိုက်လိုက်ဦး … သွားပြီ ဟေ့ကောင် “

ဆျာထောင်က ခွေးပုကို ချန်ရစ်ခဲ့ပြီး ဇိုးဇိုးဇက်ဇက်နဲ့ ပုဆိုးကြီးကို မ,လို့ အိမ်ရှေ့က ကွပ်ပျစ်ပေါ်ဝင်ထိုင်သည်။

” ဟာ . ဟေ့ . ဟေ့ … “

ဂီး … ဝုတ် ဝုတ် …!

” ဟာ … ဘာဖြစ်နေပြတာလဲ . မိစွာ . မိုက်မိုက်စန်း … ဘာလို့ဟောင်နေတာလဲ . ကိုသာထင် ခင်ဗျား ဘာသွားလုပ်တာတုန်း “

လှည်းပေါ်မှာရှိနေတဲ့ မိစွာနဲ့ မိုက်မိုက်စန်းက ကိုသာထင်ကို သွားကြီးဖြဲလို့ တဂီးဂီးနဲ့ ရန်ထောင်နေတာကြောင့် ခွေးပုက အလျင်အမြန် ဝင်ဆွဲရသေးသည်။

” ကျုပ်က သူတို့ကို ‌လှည်းပေါ်က ချပေးမလို့ဗျ … အဲ့တာ ကျုပ်က သွားကိုင်တာကို မာန်ဖီနေတာလေ “

” ဟာဗျာ … မိစွာတို့မျန်း ငါ့လူက ဘာထင်နေလို့တုန်း “

စကားတပြောပြောနဲ့ လှည်းပေါ်ကခွေးတွေကို တစ်ကောင်ချင်းချီပြီး ချနေတဲ့လူကိုကြည့်ပြီး သာထင် ခေါင်းရမ်းလိုက်မိသည်။ ခုနကကျတော့ ဒင်္ဂါးကို ပြုံးယောင်သမ်းနေတဲ့ မျက်နှာတွေနဲ့ စိုက်ကြည့်ပြီး လူးလှိမ့်ဆော့နေကြတာ ဒီခွေးတွေမဟုတ်တဲ့အတိုင်းပင်။

” မြို့အုပ်မင်းရဲ့ ညီငယ်လေးဆိုတာလား “

အခါးရည်ကို တဖူးဖူးမှုတ်သောက်နေတုန်း အနားရောက်လာပြီး ကွပ်ပျစ်ပေါ်ဝင်ထိုင်တဲ့ လူကြီးတစ်ယောက်ကြောင့် ပစ်တိုင်းထောင် လက်ထဲက ရေနွေးခွက်ကိုချလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

” အေးကွယ် … အဘက ဒီမင်းကန်ရိုးရွာရဲ့ ရွာသူကြီး ဦးမင်းငွေပါ … လူငယ်လေးကို အကြိုလွှတ်လိုက်တာက အဘရဲ့သား ရွှေဒင်္ဂါး … နာမည်အရင်းကတော့ နေမင်းပုညပါကွယ် … တစ်ရွာလုံးကတော့ ဒင်္ဂါးလို့ပဲ ခေါ်ကြတယ် ”

ပစ်တိုင်းထောင် မျက်ခုံးပင့်လိုက်မိသည်။ ပစ်တိုင်းထောင်တို့ကိုလာကြိုတဲ့ ကိုရွှေရွာသားက သူကြီးသားတဲ့လေ။ အဲ့တာကြောင့် တောသားပေမယ့် ဖြူဖြူဖွေးဖွေးနဲ့ နုနုနယ်နယ်အသွင်ဆောင်နေတဲ့မျိုးရိုးမြင့်တောသားဖြစ်နေတာကိုး။

” ကျွန်တော့်နာမည်က လုလင်မောင်မောင်ပါ … ကိုကိုကြီးကတော့ ပစ်တိုင်းထောင်ပဲ ခေါ်တယ် … ဒါနဲ့ ကျွန်တော်က ဒီရွာမှာ ဘယ်မှာနေရမလဲ “

” မပူပါနဲ့ မပူပါနဲ့ … အဘ အားလုံးစီစဉ်ထားတယ် … တခြားမဟုတ်ပဲ မြို့အုပ်မင်းရဲ့ ညီကလေးပဲ … အဘအိမ်မှာပဲနေ . စားသောက်ဟုတ်ပြီလား “

” ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘူး သူကြီးရဲ့ … တပည့်ကျော်နဲ့ သမီးနှစ်ယောက်ပါတယ် “

” အဲ … ကလေးတွေက ငယ်သေးလားကွဲ့ “

” အကြီးမကတော့ တစ်သားတောင် ကျပြီးသွားပြီ “

” ဟေ “

ပြောချင်ရာပြောပြီး အခါးရည်ကို တဖူးဖူးမှုတ်သောက်နေတဲ့ လူငယ်ကိုကြည့်ပြီး ဦးမင်းငွေ ခေါင်းကို တဗျင်းဗျင်းကုတ်လိုက်သည်။ ကြည့်ရတာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘယ်အချိန်ကများ အိမ်ထောင်ကျလို့ သမီးဖြစ်သူက ကလေးပါရနေသလဲဆိုတာ မစဉ်းစားနိုင်တော့ချေ။

” ဆျာထောင် … မောတာဗျာ . ဆျာထောင့်သမီးတွေ ဗိုက်ဆာနေပြီဗျ “

” ကျွေးမှာပေါ့ဟ … သွား . ခုတော့ ထန်းလျက်ခဲလေး ကျွေးထားချေ ရော့ “

ကွပ်ပျစ်ပေါ်က ထန်းလျက်ပန်းကန်ကို ခွေးပုဆီ ထိုးပေးတဲ့အခါ ကြားထဲကနေ သူကြီးက တားလာသည်။

” အဲ့ . နေ . နေပါဦး သူငယ်ရဲ့ … နေ့ခင်းစာအတွက် အဘစီစဉ်ထားပါတယ် … ကလေးတွေ ဗိုက်ဆာနေတာ ကျွေးလိုက်ပါ … ထန်းလျက်ခဲတွေစားပြီး ချောင်းဆိုးနေပါ့မယ် “

” အမလေး . ကျွန်တော့်သမီးတွေက ကျန်းမာရေးကောင်းမှကောင်း “

” ကဲ … မဖြစ်သေးပါဘူး … သားရေ . သား လူလေး . ဒင်္ဂါး ဘယ်ရောက်နေလဲကွယ် လာဦး “

ဦးမင်းငွေခေါ်လိုက်တော့ ဒင်္ဂါးက အိမ်နောက်ဖေးကနေ ခပ်သွက်သွက်ထွက်လာသည်။

” ဘာလုပ်နေတာတုန်းကွယ် . ဧည့်သည်တွေအတွက် နေ့ခင်းစာစီစဉ်စမ်း … ဒီသူငယ်လေးရဲ့ သမီးတွေက ဗိုက်ဆာနေပြီတဲ့ “

” နေ့လယ်ခင်းစာ ခုပဲ အစ်မနဲ့အတူ စီစဉ်နေတာ အဘ “

ဒင်္ဂါးကပြောပြီးတာနဲ့ ခပ်သွက်သွက် အိမ်နောက်ဖေးကို ပြန်ဝင်သွားတဲ့အခါ ဦးမင်းငွေက ရှေ့ကသူငယ်လေးကို အားနာသလိုကြည့်လိုက်သည်။

” ဒါနဲ့ . ကလေးတွေက ဘယ်မှာတုန်းကွယ် . မမြင်မိပါလား “

” ရော် . သူကြီး … အမြင်များဝါးနေသလား … ဟိုမယ်လေ ကျွန်တော့်သမီးတွေ “

” ဟေ … “

လက်ညှိုးညွှန်ပြရာကို လှမ်းကြည့်လိုက်တော့ ခွေးနှစ်ကောင်ကလွဲလို့ ဘာမှမတွေ့တဲ့အခါ သူကြီး ပစ်တိုင်းထောင်ကို ပြန်ကြည့်လိုက်သည်။

” အဲ့မယ်လေ သူကြီး . ဟော … ဒီဘက်က မိစွာတဲ့ . ဟိုဘက်မှာ အိပ်နေတာက သမီးကြီး မိုက်မိုက်စန်း … မိစွာက မိုက်မိုက်စန်းရဲ့ သမီးလေ “

ဦးမင်းငွေ ကိုယ့်နဖူးကိုယ် ပြန်ရိုက်လိုက်မိတော့သည်။ အိမ်ရဲ့တောင်ဘက်က သရက်ပင်ရိပ်မှာ အခန့်သားအိပ်နေတဲ့ မဲမဲတူးတူး ခွေးနှစ်ကောင်က ပစ်တိုင်းထောင်ရဲ့ သမီးတွေတဲ့လေ။ ဦးမင်းငွေက ဘယ်လိုတောင် အတွေးချော်ခဲ့မိတာလဲမသိပါချေ။

” ကဲ ကဲပါ … သူငယ်လေးရော . သူငယ်လေး တပည့်ရော . ခွေး . အဲ … သမီးတွေရော အဘအိမ်မှာပဲ နေကြကွယ် . ရတယ် “

သမီးတွေက ခွေးတွေဆိုတော့လည်း ဘာအရေးလဲ။ မြို့အုပ်မင်းရဲ့ညီက သမီးဆိုတော့လည်း သမီးပေါ့။

” အဲ့တော့ ကျွန်တော်တို့က ဘယ်မှာနေရမှာလဲ သူကြီး “

ပူအိုက်လှတဲ့ ရာသီဥတုက ပစ်တိုင်းထောင် အနီးအနားမှာရှိတဲ့ အညာယပ်တောင်ကြီးကို ဆွဲယူခပ်ရင်း သူကြီးကိုမေးလိုက်သည်။

” အပေါ်ထပ်အခန်းမှာ အခန်းပိုရှိပါတယ် မောင်ရင် … အဲ့မှာ ဆရာတပည့်နှစ်ယောက် နေကြပေါ့ “

” ဟာ .! မဖြစ်သေးပါဘူး “

ပစ်တိုင်းထောင်က အားရပါးရ အညာယပ်တောင်ကြီးကို ဝေ့ရမ်းရင်းပြောလိုက်တဲ့အခါ သူကြီးက တုန်တက်သွားတာမလို့ ချောင်းတစ်ချက်ဟန့်လိုက်သည်။

” အဟမ်း . ခွေးပုနဲ့တော့ ကျွန်တော် အတူမအိပ်နိုင်ဘူး … အဲ့ကောင်က ညအိပ်ရင် ဘေးကလူကို တရှုံ့ရှုံ့လိုက်နမ်းတာဗျ “

ဆျာထောင့်စကားကြောင့် ကွပ်ပျစ်အောက်မှာ ခြေပစ်လက်ပစ်ထိုင်ရင်း ပုဆိုးအနားစနဲ့ ချွေးသုတ်နေတဲ့ ‌ခွေးပုမျက်နှာက ရှုံ့မဲ့သွားသည်။

” အခန်းအပိုက တစ်ခန်းပဲ ရှိတော့လို့ပါ မောင်ရင်ရဲ့ … အိပ်ခန်းလေးခန်းရှိတာကို တစ်ခန်းကလည်း အဘသမီး ငွေမှုန်ရှိတယ်လေ . တစ်ခန်းကလည်း အဘရဲ့သား ရွှေဒင်္ဂါးရှိတယ် . ဟော . ကျန်တဲ့တစ်ခန်းကျတော့ အဘနေတာဆိုတော့ အခန်းပိုမကျန်ဘူးကွဲ့ “

” ရတယ် . ဟေ့ကောင် ခွေးပု “

” ဗျ . ဆျာထောင် “

” ညကျ ဒီကွပ်ပျစ်မယ် မင့်ညီမတွေနဲ့ ဆင်းအိပ် “

” ဟာ …! ဆျာထောင် “

ခွေးပု စိတ်ပျက်လက်ပျက်နဲ့ အော်လိုက်မိသည်။ ဒီလောက်ပူအိုက်နေတဲ့ ရာသီဥတုကြီးမှာ အိမ်ရှေ့ကွပ်ပျစ်သာ ဆင်းအိပ်လို့ကတော့ ခြင်အချီခံရတာနဲ့ ခွေးပုတို့ မနက်ကျရင် အစအနတောင် ကျန်မယ်မထင်။

” နေပါဦး သူငယ်ရဲ့ . ဒီလိုလုပ်မလား … ယောက်ျားလေးချင်းဆိုတော့ မောင်ပုက အဘသား ရွှေဒင်္ဂါးနဲ့ အတူအိပ်လိုက်ပါ . မောင်ပစ်တိုင်းထောင်ကတော့ အခန်းမှာ တစ်ယောက်တည်း အိပ်ပေါ့ ဟုတ်လား ”

” ဟာဗျာ . ဘယ်ကဟုတ်ရပါ့မလဲ “

” ဟင် “

အဆင်ပြေအောင် စီစဉ်ပေးတော့လည်း ငြင်းနေပြန်တဲ့ ပစ်တိုင်းထောင်ကြောင့် ဦးမင်းငွေ ခေါင်းခြောက်ရပြီဖြစ်သည်။

” သူကြီးနဲ့တော့ ခက်တော့နေပြီ . အခုနကပြောနေတာ သူကြီးမကြားဘူးလား … ခွေးပုကအိပ်ရင်း‌ယောင်တတ်ပါတယ်ဆို . တော်နေကြာ သူကြီးသားကို ကျွန်တော်အားနာနေရဦးမယ် “

” အဲ့တာဆို အဘ ဘယ်လိုစီစဉ်ပေးရမလဲ . ရွာဦးကျောင်းမှာပဲ … “

” ကျုပ်ပဲ သူကြီးသားနဲ့ အတူတူနေလိုက်တော့မယ် “

ကာယကံရှင်ကိုယ်တိုင်က ပြောနေမှတော့ ဦးမင်းငွေလည်း ထပ်ပြီး အထွန့်တက်စရာ မရှိတော့ပါချေ။

” အဘ . ထမင်းစားလို့ရပြီ “

ဒင်္ဂါး ထမင်းဝိုင်းပြင်ပြီးတော့ အဘတို့ကို လာခေါ်ချိန် မြို့အုပ်မင်းညီက ဒင်္ဂါးကို ကြည့်လာတာမလို့ ဒင်္ဂါးက ခပ်မြန်မြန်ပဲ အကြည့်လွှဲလိုက်သည်။

” ကဲ လာကွယ် … နေ့လယ်ခင်းစာ အရင်စားကြပါဦး . ပြီးတော့မှာပဲ ရေမိုးချိုးပြီး နားကြပေါ့ ဟုတ်လား … “

” ကျွန်တော့်သမီးတွေအတွက်လည်း နေ့လယ်စာ “

” စိတ်ချပါ . အဘပြင်ခိုင်းလိုက်မယ် “

ဦးမင်းငွေက ဒင်္ဂါးကို ခွေးနှစ်ကောင်အတွက်ပါ အစာခွက်နဲ့ရေခွက်ကို စီစဉ်စေလိုက်သည်။

” လက်ပံပွင့်ချိန်ဆိုတော့ လက်ပံရွက်ကို မြေပဲလေးထောင်းထည့်ပြီး သုပ်ထားတာ . အသားဟင်းကတော့ ဝက်သားဟင်းပဲ . သီးစုံအချဉ်ဟင်းလေးလည်း သောက်ပါဦး “

ထမင်းဝိုင်းမှာ ဟင်းအမယ်တွေကတော့ ပြည့်စုံလှတာမလို့ ပစ်တိုင်းထောင်ရဲ့ နဂိုဆာနေတဲ့ဗိုက်က ပိုဆာလာသည်။ ရာသီဥတုပူပေမယ့် နဂို ထမင်းပူဟင်းပူ ကြိုက်သူပီပီ အငွေ့တထောင်းထောင်းနဲ့ သီးစုံချဉ်ဟင်းပူပူက ပစ်တိုင်းထောင်ကို ဆွဲဆောင်နေသည်။

” ဟဲ့ လုံမလေး … နင့်အစ်ကိုတွေကို ယပ်ခပ်ပေးစမ်း . ဒင်္ဂါးကလည်း လိုတာထည့်ပေး “

ထမင်းဟင်းက မြိန်လှတာမလို့ ပစ်တိုင်းထောင်နဲ့ ခွေးပုတို့ ဆရာတပည့်နှစ်ယောက် နေ့လယ်ခင်းစာကို ခေါင်းမဖော်တမ်း လွေးတော့သည်။ ‌ဘေးမှာလည်း သူကြီးတို့ သားအဖတွေက အစစအရာရာ လိုက်လုပ်ပေးတာကြောင့် ပြည့်စုံတာထက်ပင် ပိုလွန်းနေပြီဖြစ်သည်။

” အိမ်ရှေ့မယ် လူတွေ စုစု စုစုနဲ့ ဘာဖြစ်သလဲ ထွက်ကြည့်စမ်း လူလေး “

ဦးမင်းငွေက ဒင်္ဂါးကို အိမ်ရှေ့ကို အကဲခတ်ဖို့ အသွားလွှတ်လိုက်သည်။ အချိန်အနည်းငယ်ကြာတော့‌ ခေါင်းတကုတ်ကုတ်နဲ့ အိမ်ထဲပြန်ဝင်လာတဲ့သားကြောင့် ဦးမင်းငွေ ဘာဖြစ်သလဲ သိချင်သွားသည်။

” မြို့အုပ်မင်းရဲ့ညီ ရောက်လာတယ်ဆိုလို့ လာကြည့်ကြတာတဲ့ အဘရယ် . အိမ်ရှေ့မယ် မိစွာနဲ့ မိုက်မိုက်စန်းကရှိနေတော့ ရွာကလူတွေက ခပ်ရွံ့ရွံ့ဖြစ်နေတာ “

” ကျုပ်သမီးတွေ အားကိုးရတယ် မဟုတ်လား သူကြီး “

ခွေးနှစ်ကောင်အကြောင်းပြောကာ ထမင်းစားရင်း ကြံဖန်ဂုဏ်ယူနေတဲ့ ပစ်တိုင်းထောင်က မျက်နှာကြီးကို ပင့်မော့ထားသေးသည်။

စားလို့သောက်လို့ ပြီးကြတဲ့အခါ ပစ်တိုင်းထောင်တို့ ဆရာတပည့်နှစ်ယောက်က ရေချိုးကြသည်။ ဖုန်တလောင်းလောင်းနဲ့မလို့ ဆရာတပည့်နှစ်ယောက်လုံးကိုယ်မှာ ဖုန်တွေချည်း။ ဗိုက်ဆာလွန်းလို့သာ ထမင်းအရင်စားလိုက်ရပေမယ့် ဖုန်တွေနဲ့မလို့ သိပ်သန့်တယ်လို့ ခံစားခဲ့ရတယ်ရယ်လည်းမဟုတ်။

ရေမိုးချိုးပြီးကြတော့ ဖုန်တွေကြောင့် အနက်ရောင်ကနေ ဖုန်အရောင်ဖွေးနေတဲ့ မိစွာနဲ့ မိုက်မိုက်စန်းကိုလည်း ရေချိုးပေးရသည်။ ဘာလိုလိုနဲ့ အလုပ်ပြီးတဲ့အခါ နေအေးချိန်တောင် ရောက်နေပြီဖြစ်သည်။

” တော့ ကိုရွှေဒင်္ဂါး … မိကဲတို့လာပြီ “

ကွပ်ပျစ်ပေါ်မှာ ခွေးပုနဲ့အတူထိုင်နေတုန်း ခြံဝကအော်သံကြောင့် ပစ်တိုင်းထောင် လှမ်းကြည့်လိုက်သည်။ ဝါးတောင်းလေးတွေကို ခါးထစ်ခွင်ကာ အိမ်ရှေ့ရပ်နေတဲ့ မိန်းမပျိုလေးတစ်အုပ်ကို မြင်လိုက်ရတာကြောင့် အကဲခတ်လိုက်သည်။

” အေး . လာပြီဟေ … အစ်မရေ . ဒီမယ် မိကဲတို့လာပြီ “

အိမ်မကြီးထဲကနေ တောင်းကိုယ်စီနဲ့ ခပ်သွက်သွက်ထွက်လာပြီး ခြံရှေ့ကိုရောက်သွားတဲ့ မောင်နှမနှစ်ယောက်ကိုလည်း ပစ်တိုင်းထောင် အကြည့်မလွှဲပဲ ကြည့်နေလိုက်သည်။

” လုံမလေးနဲ့ လူလေးတို့က ရွာထိပ်လက်ပံသွားကောက်ကြမှာ မောင်ရင်ရဲ့ . အပျင်းပြေ လိုက်သွားချေပါလား … ဒင်္ဂါးလည်းပါတယ်လေ … လုံမလေးကို စိတ်မချတော့ အဖော်လိုက်သွားတာ “

အနားရောက်လာတဲ့ သူကြီးက ပစ်တိုင်းထောင်ကို အကြံပေးသလို ပြောလာတဲ့အခါ မစဉ်းစားပဲ ချက်ချင်း ခေါင်းခါလိုက်သည်။

” နေပါ . ပူကပူနဲ့ … “

နေကျချိန်ဖြစ်နေပေမယ့် လက်ပံကောက်ကိုတော့ ပစ်တိုင်းထောင် လိုက်ဖို့ ဆန္ဒရှိမနေပါ။ ယောက်ျားရင့်မာကြီးတန်မဲ့။ ယောက်ျားရင့်မာကြီးဆိုကာမှ ရွှေဒင်္ဂါးဆိုတဲ့လူကရော။ မိန်းမပျိုလေးတစ်အုပ်ကြား ပလိုင်းလေးလွယ်လို့ ခြံဝင်းထဲကနေ ထွက်သွားပြီဖြစ်သည်။

နွေမိန်တပေါင်း နေရှိန်လောင်း 
ရွက်ဟောင်းကြွေကျ မြေခခဲ့ပြီကွယ် …
လေရူးသုန်သုန် မြူမှုန်လွင့်ပါး 
ကစားပြန့်ဖြူး ရာသီဦးဝယ် …
ကြည်နူးစရာ တို့ရွာဖျားမယ်
ကြီးမားပင်စည် ပွင့်နီလက်ပံ
ဝဲပျံမြေပေါ် လျှောင်းစက် ပျော်တယ် …

သီချင်းတကြော်ကြော်ဆိုကာ လက်ပံကောက်သွားကြတဲ့မိန်းမပျိုတစ်စုနောက်က အမျိုးသားကိုမြင်တော့ သူ့သမီးနှစ်ကောင်က အမြီးတနှံ့နှံ့နဲ့ အပြင်လိုက်သွားချင်ကြောင်း အချက်ပြနေတာကို ပစ်တိုင်းထောင် မမြင်ချင်ယောင်ဆောင်ထားလိုက်တော့သည်။ အရေးအကြောင်းဆို ဖအေမျက်နှာကို ကတ္တရာသုတ်ချင်တဲ့သမီးတွေ။

>>>>>>>>>>

” အဲ့တာမှ ဒုက္ခပဲ … “

ပစ်တိုင်းထောင် လက်ထဲကခြင်ထောင်‌ကြီးကို ကြည့်ပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ အခန်းထဲမယ် နှစ်ယောက်အိပ်စာ အိပ်ရာခင်းကိုယ်စီ ခင်းထားပေမယ့် မထောင်ရသေးတဲ့ ခြင်ထောင်ကြောင့် ကိုယ်တိုင်ထောင်ရမှာပေမယ့် ဘယ်လိုလုပ်ရမလဲမသိတာကြောင့် အခက်တွေ့နေသည်။

” ဟို … မအိပ်သေးဘူးလား ခင်ဗျ “

သင်းပျံ့နေတဲ့ သနပ်ခါးရနံ့နဲ့အတူ အခန်းထဲဝင်လာတဲ့လူကြောင့် ပစ်တိုင်းထောင် ဖျတ်ခနဲ မော့ကြည့်လိုက်သည်။ ပါးနှစ်ဖက်နဲ့ နဖူးပြင်မှာ သနပ်ခါးအဖွေးသားနဲ့လူက ပစ်တိုင်းထောင်ကို ကြည့်နေသည်။

” အိပ်တော့မှာ “

” ဟုတ်ကဲ့ … “

ပစ်တိုင်းထောင်ကို ကြောက်နေသလိုမျိုး မဝံ့မရဲဖြစ်နေတဲ့လူကြောင့် စိတ်အလိုမကျသလို မျက်မှောင်ကို စုကျုံ့ထားလိုက်သည်။

လက်ပံပွင့်ကောက်ပြီးအပြန် ညဘက်ရေချိုးထားပုံရတဲ့လူက သနပ်ခါးတွေပါ လိမ်းထားတာ‌ကြောင့် ‌တွေ့ရမြင်ရတာက မွှေးမွှေးအေးအေးကလေးတစ်ယောက်လိုဖြစ်နေသည်။

” ကျွန်တော်လည်း အိပ်တော့မယ်ဗျ “

တောရွာဓလေ့အရ ‌စောစောအိပ်တတ်ကြတာမလို့ ပစ်တိုင်းထောင် ခေါင်းညိတ်ပြလိုက်သည်။ ခြင်ထောင်ကို ခပ်သွက်သွက်ထောင်လို့ ခြင်ထောင်အောက်ဝင်သွားတဲ့လူကြောင့် အပြင်မှာ ပစ်တိုင်းထောင်တစ်ယောက်တည်း ခြင်ထောင်ကိုင်ထားလျက်သား ကျန်နေခဲ့သည်။

” ကျစ် … မသိဘူးကွာ “

ရွှေဒင်္ဂါးရဲ့ ခြင်ထောင်ကိုကြည့်ကာ ပစ်တိုင်းထောင် ခြင်ထောင်ရဲ့ အစွန်းနေရာတွေကို ရှာလိုက်သည်။ အိမ်နံရံတွေမှာ အရန်သင့် သံမှိုတွေရိုက်ထားပြီးသားမလို့ ခြင်ထောင်ကြိုးတွေကို သံတိုင်တွေမှာ ချိတ်လိုက်ရုံသာ။

” ရပြီ . အဟင်း … ပစ်တိုင်းထောင်ကိုများ ဘာများထင် . ဟင် … “

ခြင်ထောင်ထောင်ပြီးကာမှ ရှာကြံဂုဏ်ယူနေမိတုန်း အိပ်မယ့်နေရာနဲ့ ခြင်ထောင်က ကန့်လန့်ကြီးဖြစ်နေတာကြောင့် ပစ်တိုင်းထောင်ရဲ့ အပြုံးတွေက ရပ်တန့်သွားသည်။

” ဘာလို့ ကန့်လန့်ကြီးတုန်း … “

အိပ်ရာခင်းထားတာနဲ့ဆန့်ကျင်စွာ ခြင်ထောင်ကြီးက ခေါင်းရင်းကနေ ခြေရင်းထိကို မအုပ်မိုးနိုင်ပဲ ‌အစွန်းဖက်တွေကို သံတိုင်မှာ မှားချိတ်ထားမိတာကြောင့် ထောင့်ဖြတ်အနေအထားကြီးဖြစ်နေတာ ဖြစ်သည်။

” ဟိုလေ … ခြင်ထောင်ကို ကျွန်တော်ကူထောင်ပေးပါ့မယ် “

ဘယ်အချိန်ကတည်းက ခြင်ထောင်အပြင်ကို ရောက်လာသလဲ မသိတဲ့လူက ပစ်တိုင်းထောင်အပြောကိုမစောင့်ပဲ ခြင်ထောင်ကြိုးတွေကို ပြန်ဖြုတ်ကာ အတည့်ပြန်ထောင်ပေးသည်။

” ရပါပြီ “

ရသွားတော့လည်း ချက်ချင်း ကိုယ့်နေရာကိုယ် ခြင်ထောင်ထဲ ပြန်ဝင်သွားတဲ့လူက လုပ်ချင်ရာလုပ်သွားတာများ ပစ်တိုင်းထောင်မှာ ဘာမှပြောချိန်ပင် မရလိုက်။

” ပူလိုက်တာ … “

ခရီးပန်းလာပေမယ့် အချိန်စောသေးတာကြောင့် အိပ်ချင်စိတ်မဖြစ်သေးပါ။ အလုံပိတ်အခန်းထဲမှာ အိုက်စပ်စပ်ခံစားရတာမလို့ အခန်းထဲက ပြတင်းပေါက်ကို ပစ်တိုင်းထောင် လှပ်ဖွင့်လိုက်သည်။ လေအဝှေ့မှာ သင့်ပျံ့လာတဲ့ သနပ်ခါးနံ့က ပစ်တိုင်းထောင်ရဲ့ နှာဖျားဝမှာ သင်းခနဲရယ်။

ဝုတ် ဝုတ် …

ပြတင်းပေါက်ဖွင့်ဖွင့်ချင်း ကြားလိုက်ရတဲ့ အသံတွေကြောင့် ပစ်တိုင်းထောင် ပျော်မြူးသွားသည်။ ပြတင်းပေါက်ကို သံတိုင်တွေနဲ့ ကာထားပေမယ့် ပြတင်းပေါက်က နှစ်ဆင့်ဖြစ်တာကြောင့် အောက်ကပိတ်ထားတဲ့ ပြတင်းပေါက်ကိုပါ ဖွင့်လိုက်ပြန်သည်။ အလုံးအရင်းတိုက်ခတ်လာတဲ့ လေတဖြူးဖြူးကို ခံစားရတော့မှသာ ပစ်တိုင်းထောင် နေသာထိုင်သာ ရှိသွားသည်။

” ဟေ့ သမီးလေး မိစွာ မအိပ်သေးဘူးလား … ဖေကြီးနဲ့ ဆော့မလား “

ပြတင်းပေါက်မှာကာထားတဲ့ သံတိုင်တွေကို လက်နှစ်ဖက်နဲ့ကိုင်ရင်း အိမ်အောက်ထပ်က မိစွာကို လှမ်းမြှူလိုက်တော့ မိစွာက အမြှီးတရမ်းရမ်းနဲ့ ပစ်တိုင်းထောင်ကို မော့ကြည့်နေသည်။

” မင့်အမေ မိုက်မိုက်စန်းရော “

မှောင်မှောင်မဲမဲထဲမှာ မိုက်မိုက်စန်းကပါ မိစွာအနားကိုရောက်လာတော့ ပစ်တိုင်းထောင်လည်း အိပ်မရမယ့်အတူတူ သမီးနှစ်ယောက်ကို လှမ်းမြှူနေလိုက်‌တော့သည်။

” အာ … ဒီမြို့အုပ်မင်းညီနဲ့တော့ “

ဒင်္ဂါး စိတ်ညစ်ညူးစွာ ရေရွတ်ရင်း ခြုံထားတဲ့ ခြုံစောင်အပါးလေးနဲ့ နားနှစ်ဖက်ကို ဖိအုပ်ထားလိုက်သည်။ စိတ်ထဲမှာတွေးနေမိတာကလည်း အိမ်ရှေ့ကွပ်ပျစ်မှာ ထွက်အိပ်ရမယ့်သူက ဒင်္ဂါးကိုယ်တိုင်ပဲဖြစ်နေနိုင်တော့သည်။

>>>>>>>>>>

ဆက်ရန်
Yellowish_One 💛
(၂-၄-၂၀၂၄)

Tags: read novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂), novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂), read Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂) online, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂) chapter, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂) high quality, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂) light novel, ,

Comment

Leave a Reply

Chapter 3